စလုံးရောက်ပထမနေ့

ဘလော့ကလဲ ပစ်ထားတာကြာပေါ့ စာတွေတော့ရေးချင်တယ် အကြောင်း အမျိုးမျိုးနဲ့ အချိန်တွေမရလို့ မရေးဖြစ်တာနဲ့ အခု မှဘဲပြန်ရေးနိုင်တဲ့ အဖြစ် ။

ပြန်ရေးတော့လဲ ကျနော့်ဘ၀ရဲ့ ရယ်စရာအဖြစ်ကလေးတစ်ခုကိုဘဲ လက်ဆောင်လေးအနေနဲ့ ပြန်ရေးပြတော့မယ် ဗျာ ။ တောသားမြို့ရောက်လာသလိုပေါ့ ကျနော် တို့ ခေါ်ခေါ်နေကြတဲ့ စလုံးခေါ် စင်ကာပူ ကိုစရောက်တဲ့ နေ့ က အဖြစ်အပျက်လေးပါဗျာ။

ရယ်စရာလို့ တွေးရင်လဲ ရယ်စရာပေါ့ ။ ရှက်စရာလို့ တွေးရင်လဲ ရှက်စရာပေါ့လေ။ စင်ကာပူကို စရောက်တော့ အချိန်က ညနေစောင်း ပါတ်ဝန်းကျင်သစ်တစ်ခုဆိုတာ ကိုယ်မသိသေးတာတွေကလဲ အများသားမလား ။ ဒါနဲ့ ချန်ဂီ လေဆိပ်ကနေ ထွက်လာတဲ့ အခါကျတော့ ကျနော့် ချူသစ်က လာကြိုတယ်ပေါ့လေ။ အင်းပြောရရင်တော့ အဲထဲက စလွဲချင်လာတယ်ဘဲပြောရမယ် ထင်တယ် ။ သူက လာကြိုမယ်ဆိုတော့ အိုကေပေါ့ ။ ကျနော်ကလဲ လေယာဉ်ပေါ်က ဆင်းတယ် ဆိုရင် အလကားရတဲ့ ဖုန်းနဲ့ သူ့ကိုရောက်ဘီလားလို့ ဖုန်းဆက်လိုက်သေးတယ်။ သူကလဲ ရောက်ဘီပေါ့ နော် သူစောင့်နေတယ်ပေါ့။ အဲလိုနဲ့ ထွက်လဲ ထွက်လာကော မတွေ့ဘူးဗျို့ ။ အော် မတွေ့တော့လဲ ပြဿနာ မရှိဘူးပေါ့လေ လေဆိပ်ထဲမှာဘဲ အလကားရတဲ့ ဖုန်းတွေရှိနေတာဘဲဖုန်းဆက်မယ် ပေါ့ ။ ဖုန်းလဲလိုက်ရှာရော ဘယ်မှာ ဆက်ရမှန်းမသိ အဲဒါနဲ့ information ကောင်တာကို တွေ့တာနဲ့ စလုံးကို အလကားပေးဆက်တဲ့ ဖုန်းတွေက ဘယ်နားမှာလဲ ဆိုတော့ ဟိုဘက်မှာတဲ့ ဒါပေမယ့် ဆယ်ပြားစေ့ထည့်ရတယ်တဲ့ ။ အဲမှာတင် ကွိုင်တာဘဲ အခုမှရောက်တာလေ ။ ဘယ်လိုလုပ်ဆယ်ပြားစေ့က ရှိမလဲ။ အဲဒါနဲ့ ငါ့မှာ ဆယ်ပြားစေ့တော့မရှိဘူး အဲဒါ ငါ့ကို အကြွေလဲပေးမလားဆိုတော့ ဟီးးးးးး information ကောင်တာက ကောင်မလေးက သနားသွားတယ်နဲ့ တူပါတယ် ။ ဆယ်ပြားစေ့လေး ထုတ်ပေးတာနဲ့ ယူပြီးတော့ ဖုန်းလေးပြေးဆက်ရတယ်ပေါ့ဗျာ။ ကဝေ တို့က စလုံးကို ၀င်ထဲက အတောင်းရမ်းနဲ့ စတာ ။ အဲကျမှာ သူစောင့်နေတဲ့ terminal က ကျနော့် လေယာဉ် ဆိုက်တဲ့ terminal မဟုတ်တာကို သိပြီး သူက ကျနော့် ဆီကို လာရတာ ။ ရောက်တော့ သူက ကျနော့် အတွက်ကြိုဝယ်ထားတဲ့ MRT prepaid card လေးပေးတယ်ဗျ ဒီမှာက ရထားစီးရင် အဲဒါလေးတွေနဲ့ စီးရတာကို ။ ကျနော်ကတော့ ရောက်တဲ့နေ့ဆိုတော့ သိသေးဘူးလေ။ ဒီလိုနဲ့ လေဆိပ်ကထွက် ရထားစီးလဲစီရော ရထား station ၀မှာက လူဝင်လူထွက်ဂိတ်ပေါက်လေးတွေရှိတယ် အဲမှာ အခုနက ကတ်ကလေးတွေ တင်လိုက်ရင် တံခါးသဘောမျိုးလုပ်ထားတဲ့ လက်တံလေးတွေက ပွင့်သွားတာကိုး ။ တယ်လွယ်သပေါ့ ဗျာ ဒီလိုနဲ့ စိတ်ထဲကတွေးလိုက်သေးတယ်။ အင်း ငါတို့ ဆီမှာလဲ ဒီလိုစနစ်လေးတွေရှိရင်ကောင်းမှာဘဲလို့ပေါ့။ ဒီလိုနဲ့လာလိုက်တာ သူဆင်းခိုင်းတဲ့ station ရောက်တော့ တစ်ခါ ဆင်းရတာပေါ့ ။ အဆင်းမှာလဲ ဒီလိုဘဲ ကတ်ကလေးတင်လိုက်ရင် station ထဲက ထွက်လို့ရသွားရော။

ရထားစီးပြီးတော့ ကျနော် နေရမယ့် အိမ်က ကား သုံးမှတ်တိုင်ထပ်စီးရသေးတယ်ဗျ ။ ဒီလိုနဲ့ MRT station ကနေ ကားမှတ်တိုင်းကိုသွားတော့ သူက ပြောတဲ့ ကားပေါ်မှာလဲ အဲလိုဘဲ ကတ်လေးတွေ ကတ်တဲ့ နေရာလေးတွေ ရှိတယ်ပေါ့ ။ အခုနကတ်နဲ့ ဘဲသုံးလို့ရတယ်တဲ့။ အင်းပေါ့ အေးအေး ငါသိပါတယ် သာလိကာရယ် ဆရာကြီးအထာနဲ့ လာမပြောနဲ့ ဆိုတဲ့ လေသံနဲ့ ပြောလိုက်သေးတယ် ။ ဟီးးးးး ဒီက bus တွေက တံခါးနှစ်ခု မှာ အရှေ့ တစ်ပေါက်က လူဝင်ပေါက်ပေါ့ ။ အနောက်က အပေါက်က ထွက်ပေါက်သဘောမျိုးလုပ်ထားတာကိုး။ အဲဒီဝင်ပေါက်ရဲ့ ဘေးနားလေးတွေမှာ ခုန ကတ်လေးတွေကတ်တဲ့နေရာလေးတွေ ရှိတယ်။ အဲဒါကို ကျုပ်က မတွေ့ဘူးဗျို့ ဘာကိုသွားတွေ့လဲဆိုတော့ driver ရဲ့ ဘေးနားမှာ ကတ်မပါတဲ့သူတွေ ပိုက်ဆံပေးစီးလို့ရအောင်အကြွေထည့်တဲ့ လေးထောင့်ခွက်လေး ရှိတယ်။ အဲဒါကို ကျုပ်က ဘာထင်လဲ ဆိုတော့ အခုန ရထားစီတုန်းကလို ကတ်လေးတင်ရတဲ့ နေရာလို့ထင်ပါလေရော။ ကားစီးတဲ့ အချိန်ကလဲ ည ၈ နာရီဝန်းကျင်လောက်ဖြစ်နေတော့ အလင်းရောင်ထိုးတာနဲ့ အဲအကြွေထည့်တဲ့ အပေါက်ကို မမြင်ဘဲ ခပ်တည်တည်နဲ့ ကတ်တင်တဲ့နေရာထင်လို့တင် လိုက်တာ ကလောက်ဆို ကတ်ကလေးက အကြွေခွက်ပေါက်ထဲကိုကျသွားပါလေရောဗျို့ ...... ဒါလေးကတော့ စလုံးပထမနေ့ အမှတ်တရလေးဆိုပါတော့