Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

သူနာပြုဘုရား

ကိုယ်ရိပ်သဏ္ဍန် ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း၊

အမိသည်သား ပြုသောလားသို့
ဘုရားမြတ်မွန် ညီအာနန်ကို
ချိုးရန်ရေတောင်း စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင် ပြီးစီးလျင်မူ
ခေါင်းတွင်ဘုရား လက်တော်ထား ကာ
ညီဘွားခြေက ပြိုင်တူမလျက်
မြတ်လှနေရာ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။

ထို့နောက်ရှင်တော် စည်းဝေးခေါ်ကာ
မြွတ်ဖော်စကား မိန့်တော်ကြား၏
မိခြားဖဝေး တရပ်ကျေးတွင်
ချိုအေးကြည်သာ တရားရှာသည်
များစွာအပေါင်း ရဟန်းကောင်းတို့
ညံပျောင်ကြည်ဖြူ နာသောသူကို
ငါ့တူကြင်နာ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။

ဘုရားကတောင်သူနာပြုလုပ်တဲ့ ကဗျာလေးပါ ကြိုက်လို့တင်လိုက်တာ ရေးတာက တော့ မင်းသုဝဏ်ပါ ဗျာ ဒီအချိန်မှာ လိုအပ်နေတာ မြတ်ဗုဒ္ဓလိုနှလုံးသားနဲ့လူတွေပါ နေရာပေါင်းများစွာမှာလိုအပ်နေတာပါ ...

1 ဝေဖန်ခဲ့ပါပြီ:

    On May 31, 2008 at 12:44 PM Anonymous said...

    ကိုဝေရေ.... ဒီကဗျာလေးကို ငယ်ငယ်ကတည်းက သီတဂူဆရာတော်ကြီး ဆေးရုံဆောက်ဖို့ ကြိုးစားတုန်းက ကြော်ငြာ ဆိုင်းဘုတ်ကြီးပေါ်မှာ ရေးထားလို့ ကျက်မှတ်ခဲ့ ဖူးတယ်ဗျ။ ဒါပေမယ့် ဘယ်သူရေးမှန်းမသိခဲ့ပါဘူး။ အခုမှ ဆရာ မင်းသုဝဏ် ရေးမှန်းသိတာဗျ။ ဖော်ပြပေးတာ ကျေးဇူးကမ္ဘာ...................