အဖေ

ဒီစာတွေဟာ ကျနော့်ရေးတာ မဟုတ်ပေမယ့် အဖေနဲ့ပါတ်သက်တဲ့ အကြောင်းတွေကို ကျနော်ပြောချင်တာတွေ ပြောပြထားသလိုကိုခံစားရတယ်လေ ။ တကယ်တော့ ကျနော့် အဖေဟာ လူချမ်းသာတစ်ယောက်မဟုတ်ပါဘူး ဒါပေမယ့် ကျနော့် မိသားစု တစ်ခါမှ ၀မ်းရေးအတွက်မပူပန်ခဲ့ရဖူးဘူး ၊ နှစ်နှစ်ဆယ်ကျော်ကျနော်ရှင်သန်နေတာ
အဖေ့အတွေးအခေါ်တွေနဲ့ပါ ။ အဖေဟာ ဆိုကရေးတီးလို ကွန်ဖြူးရှပ်လို သူ့တွေခေါ်တွေ ကမ္ဘာမပါတ်နိုင်ပေမယ် ကျနော့်အတွက်တော့ တန်ဖိုးမဖြစ်နိုင်တဲ့ ဆုံးမစကားတွေဖြစ်ခဲ့တယ်။ အဖေနဲ့ ကျနော် ဆန့်ကျင်ဘက်များစွာ ဖြစ်ခဲ့ဖူးပေမယ့် ကျနော့် အပေါ် ဘယ်သော အခါမှ အပြစ်မယူခွင့်လွတ်နေတက်တဲ့ လူသားတစ်ဦးကို ဒီပိုစ့်လေးနဲ့ ဘဲ ဦးညွတ်ဝပ်တွားလိုက်ပါတယ်.......

အဖေ


* ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။
* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။
* အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။
* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။
* အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။
* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ထက် မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။
* ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ….။
* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။
* အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။
* သောက်တယ်ဆိုတာ ” အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး ” ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ …။
* အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ …။
* ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ …။
*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ …။
* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ …။
* သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ …။
* သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။
* ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် …။
* အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး …။
* ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပါပြီ …။
* ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား ———အားငယ်နေတာလား ——အဖေရယ် …..။
* အဖေ…..ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ….။
* ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်တောင် များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက် ……………………………………………………..။


လေးစားစွာဖြင့်( တာတေ )
ဒီပို့ကို ရေးတဲ့ ဘယ်ကမှန်းလဲမသိသော ဘယ်သူမှန်းလဲမသိသော ကိုတာတေကိုလဲကျေးဇူးတင်ပါတယ် ။ ကျနော့်အဖေနဲ့ မတိုက်ဆိုင်တာက အဖေဟာ အရက်မသောက်တက်တာရယ် မြေးမချီရသေးတာရယ်ပေါ့လေ...

0 ဝေဖန်ခဲ့ပါပြီ: