တိုလီသို့အိတ်ဖွင့်ပေးစာ
Friday, June 6, 2008 by KO WAI
ကိုဂေါက်နှင့်ကိုဝေမှ
မိတ်ဆွေကြီးတိုလီ ရဲ့ သင်ပျော်ရွင်နေသလား ဆိုတဲ့ ပိုစ့်ကို ကျနော်ဒီကနေ့ဘဲ သွားဖတ်ဖြစ်ပါတယ်။
အဲလိုဖတ်ကြည့်တဲ့အခါမှာ ကားလမ်းမပေါ်ကို ပစ်ချပေးကမ်းလှူဒါန်းသွားတာရဲ့ အကျိုးဆက်တွေကိုဆရာတော် ဦးကောသလ္လရဲ့ဝေဖန်ထောက်ပြချက်တွေအကြောင်းတွေ့ရသလို ကိုတိုလီရဲ့ မိတ်ဆွေများဟာ လေဘေးသင့် နေတဲ့ ဧရာဝတီတိုင်းဘက်ကို ကိုယ်ပိုင်ကားတွေ တစီတတန်းနဲ့ picnic ထွက်သလို ထွက်နေကြတဲ့ သူတွေ ရှိလို့ပါ။ ပြီးတော့ သူတို့ ကြည့်ရတာ ဒုက္ခသည်တွေကို စာနာတာထက် ခရီးထွက်ရတာကို ပိုပျော်နေကြတဲ့ပုံ ပေါက်နေကြပါတယ်။ လို့ရေးထားတာတွေ့ရပါတယ်။
အဲဒီစာကြောင်းနဲ့ပါတ်သက်ပြီး ကျနော်နဲနဲဆွေးနွေးလိုတာက မိတ်ဆွေများလှတဲ့ တိုလီ ရဲ့ သုံးသပ်ချက်ဟာ ဘယ်မိတ်ဆွေတွေကိုရည်ညွန်းသလဲ ဆိုတာကို ရေးသင့်တယ်လို့ယူဆပါတယ်... ဘာလို့လဲဆိုတော့ လက်ရှိ လှူဒါန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့ တိုလီ မိတ်ဆွေတွေ ဟာ သို့လောသို့လောအတွေးများဖြင့် မိမိတို့ လုပ်ရပ်များအပေါ် ပြန်လည် သုံးသပ်နေလျှက်ရှိပါတယ်။ ဥပမာက တိုလီ မိတ်ဆွေများအဖွဲ့ထဲက
"ငါတို့ ကားပေါ်ကနေ မုန့်တွေ လှမ်းကျဲတော့ လူတွေ လူတွေ မှ အများကြီး ၀ိုင်းလုကောက် နေကြတာ တော်တော် ပျော်ဖို့ ကောင်းတယ်"
ဟူသောစကားကို ပြောကြားခဲ့သူသည် ကျနော်တို့အဖွဲ့ထဲကလား ၊ ကိုညီလင်းဆက်တို့အဖွဲ့ထဲကလား ၊ ကိုမိုးလှိုင်ညတို့အဖွဲ့ထဲကလား ဒါမှမဟုတ် အခြားသော အဖွဲ့ထဲကလား ဆိုတာကို ပွင့်ပွင့်လင်းလင်း သိရရင် ပိုကောင်းပါတယ်။ တကယ်ဆို ကိုညီလင်းဆက်တို့ လုပ်ကိုင်ဆောင်ရွက်နေတာ တွေက ကျနော်တို့ထက်တောင် သာလွန်ကောင်းမွန်ပြီး တစ်နေရာထဲကို တစ်စိုက်မတ်မတ် ဆောင်ရွက်ပေးနေတဲ့အတွက် ပိုလဲ ထိရောက်တယ်လို့ ယူဆပါတယ် နောက်ပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ကိုညီလင်းဆက် ကိုမျက်လုံး ဘလောက်တွေမှာ ရေးသားထားတာလဲ တွေ့နိုင်ပါတယ်။
အခုလိုဆောင်ရွက်ပေးနေတဲ့သူတွေဟာ အခြေအနေ အမျိုးမျိုး အခက်ခဲ အမျိုးမျိုး ကြားထဲကနေ စေတနာ အရင်းခံနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် ပါတယ်မပါဘူးဆိုတာကို လုပ်နေသူ တွေသိကြပါတယ်။
အပျော်သဘော သွားတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်.. ဒါပေမယ့် လမ်းတလျှောက်မြင်ကွင်းတွေကိုတွေ့ရရင် ပျော်မှာလား လူသေကောင်တွေ တွေ့ရရင်ပျော်မယ်လို့ ထင်ကြလား၊ နေစရာ ခက်ခဲပြီးစား စရာမဲ့နေတဲ့ သူတွေကို မြင်ရရင်ရော ၀မ်းသာနေမှာလား၊ နာမကျန်းဖြစ်နေတဲ့ မိဘမဲ့ နေတဲ့ ကလေးလေးတွေရဲ့ မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတဲ့ မျက်ဝန်းတွေတွေ့ရင် ပျော်ကြဦးမှာလား။ ကျွန်တော်တို့အားလုံး သော ကူညီဆောင် ရွက်နေသူတွေဟာ တခုတည်းသော မျှော်လင့်ချက်နောက်မှာ လိုက်ပါဆောင် ရွက်နေတာ ဖြစ်ပါတယ်။ အဲဒါကတော့ လေဘးသင့် တဲ့ ပြည်သူတွေကို အဆင်ပြေအောင် တခုခုလုပ်ပေး ချင်ကြတာဘဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံးသော အခြားအဖွဲ့တွေသွားရောက်ရတဲ့ ဒေ သ တွေကို ကျွန်တော်တို့တခါမှမရောက်ဘူးကြသလို ရေကူးမကျွမ်းကျင်တဲ့ သူတွေအားလုံး လူသူအရောက်အပေါက် နည်းတဲ့ ချောင်းကြား ၊ ပင်လယ်ဝတွေထိတိုင်အောင် လက်ရောက်ပေးကမ်းလိုတဲ့ ဆန္ဒတွေနဲ့ သွားလာနေကြတာပါ။ လမ်းပေါ်ကို ပစ္စည်းတွေ ပစ်ချလှူဒါန်းတဲ့ အပြု အမူတွေကို ပြီးခဲ့တဲ့ လကုန်နီးပါအထိ ကျွန်တော်တို့ ဘိုကလေး ကိုသွားရောက်တိုင်းတွေ့မြင်ရပါတယ်။ ကောင်းမွန်တဲ့လုပ်ရပ် ၊ မကောင်း မွန်တဲ့ လုပ်ရပ်လို့ ကျွန်တော်မငြင်းပေမယ့် အခုဆိုလုံးဝမရှိတော့တာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်က နေပြောကြားတဲ့ သုံးသပ်ချက်တွေက အလှူရှုင်တွေကို မလူးသာမလွန့်သာ ဖြစ်ရသလို၊ အကောင်းဘက်ကိုဦးတည်သွားတယ်လို့လဲ ကျွန်တော်မြင်ပါတယ်။ ပထမ အချိန်တုန်းက လမ်းတလျောက် ကမွတ်သိပ်နေတဲ့ မျက်ဝန်းတွေ၊ ဆာလောင်နေတဲ့ အကြည့်တွေ၊ မျှော်လင့်နေတဲ့ မျက်လုံးတွေဟာ ကျွန်တော် တို့ လက်ထဲက မုန့်တွေ ၊ အ၀တ်အထည်တွေ၊ အစားအသောက်တွေကို လွတ်ကျစေခဲ့တာအမှန်ပါ။ အခု တော့ တဖြည်းဖြည်းနဲ့ ငြိမ်သက် လာတဲ့ အခြေအနေတွေ၊ စာရိတ္တပျက်ပြားစေနိုင်တဲ့ အပြုအမူတွေလဲ ဖြစ်တဲ့ ပစ်ချလှူဒါန်းမှုတွေက အားလုံးရပ်ဆိုင်းသွားပါပြီ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့တွေကတော့ ပျော်လို့ပစ်ချခဲ့တာမဟုတ်ပေမယ့်၊ ကျွန်တော်တို့ ပေးခဲ့တာလေးတွေကို ကလေးတွေရရင် ပီတိဖြစ်ခဲ့ ရတာတော့ အမှန်ပါ။ တကယ်ပျော်ရဲ့လား သိရအောင်တော့ လိုက်ပါဆောင်ရွက်နေတဲ့ စေတနာ့ ၀န်ထမ်းတွေ အများစုက သိပါလိမ့်မယ်။ တကယ်ပျော်နေ လား ၊ တကယ်ဘဲ စည်းစိမ်တွေရစ်ပြီး အလှူဒါနတွေသွားလုပ်နေတာလားတော့ တိုလီရေ မင်း ငါတို့နဲ့တခေါက်လောက် ဖြစ်ဖြစ် တခြားအဖွဲ့နဲ့ တရက်လောက်ဖြစ်ဖြစ် တရက်ခရီးလောက်ဘဲ လိုက်သွားလိုက်ပါ။ မင်းရင်ထဲမှာ ဖြစ်လာတဲ့ အမှန်တရားကို ချရေးပေးပါ။ ဟိုလူပြောတယ် ဒီလူ ပြော တယ်၊ အာမခံတယ်မလုပ်ပါနဲ့ပျော်နေတဲ့ ပုံပေါက်နေကြတဲ့ သူတွေဆို တာ အလုပ်ကို ပြီးမြောက်အောင် လုပ်ပြီးခဲ့လို့ဘဲ ဖြစ်မှာပါ။ အသံဖမ်းတရားနာနေရမယ့်အချိန်မဟုတ်ပါဘူး။ သူများလုပ်တာ ဝေဖန်ပါ၊ ထောက်ပြပါ၊ တက်အားသ၍ ကူညီပါ။ လူဆိုတာ ကိုယ့် လိပ်ပြာ ကို သန့် ဖို့ အရေးကြီးတယ်၊ ငါတို့ က ဟုတ်လို့မခံမရပ်နိုင်ဖြစ်ပြီး ထရေးတယ်လို့ထင်ချင်ထင်၊ မင်းဘယ်လောက် နာဂစ် ဒုက္ခသည်တွေကို နှုတ်အား ၊ လူအား၊ ငွေအား တတ်အားသ၍ ထိထိရောက်ရောက် ဘယ်နှစ်ခါလုပ်ပေးပြီးပြီလဲ၊ မင်းတင်နေတဲ့ သမိုင်းကပေးတဲ့ တာဝန်တွေ ဘယ်လောက် ကျေခဲ့သလဲ မင်းကိုယ်မင်းပြန်မေးလိုက်။ ပြီးရင် ပျော်သလားမပျော်သလား မှန်ရှေ့မှာကြည့်လိုက်ပေါ့ကွာ။

သောကတွေ ဝေနေတဲ့ ပြည်သူတွေကြားမှာ မိုးလင်း မိုးချုပ် အကူအညီတွေ ပေးနေရတဲ့ အခိုက်အတန့်တွေမှာ တခါတလေကျရင် စကားမှားသွားတတ်ပါတယ်။ ပျော်တယ်ဆိုတာထက် ပီတိဖြစ်တာကို ပြောချင်တာပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အဲဒီ ပီတိဆိုတဲ့ စကားက ခေါင်းထဲ ရောက်မလာပဲ ပျော်တယ်ဆိုတဲ့ စကားလုံးလေးက နေရာယူသွားပါတယ်။ အဲဒါမျိုး ကျွန်တော်လည်း ဖြစ်ခဲ့ဖူးပါတယ်။
ဒလမှာ ကျွန်တော်တို့အဖွဲ့ ဆန်အိတ် ၂၀၀ နဲ့ ပဲအိတ် ၂၃ အိတ် သွားဝေတဲ့ ခရီးမှာ... အလယ်ကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ ခွဲတမ်းအရ ဆန်အိတ်တွေ ပဲအိတ်တွေ ချပေးရင် ကျောင်းထဲမှာ အခမဲ့ ဆေးလာကုပေးနေတဲ့ မြန်မာမွတ်စလင် အဖွဲ့ချုပ်က လူကြီးတွေနဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ သူတို့ကလည်း သူတို့တွေ ဘာတွေ လုပ်ထားကြောင်း၊ ဘာတွေ ထပ်လုပ်မယ့် အကြောင်း ရှင်းပြ ပြောပြပါတယ်။ ကျွန်တော်လည်း ကျွန်တော်တို့ ဘာတွေ လုပ်နေကြောင်း၊ ဘာတွေ ဆက်လုပ်မယ် ဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းလို နေရာမှာ ဆေးလာကုတဲ့အဖွဲ့က မွတ်စလင်အဖွဲ့ချုပ် ဖြစ်နေတာကို အတော်လေး အံ့အားသင့်မိပါတယ်။ အခုလို လူမှုကရုဏာ လုပ်ငန်းမှာ ဘာသာရေးတံတိုင်းတွေ မရှိပဲ ဖြူဖြူစင်စင် လုပ်ပေးနေတာကို မြင်တွေ့ရတော့ အားလည်း တက်မိပါတယ်။ အရေးကြီးတော့ သွေးစည်းမိတာကို ခံစားမိပါတယ်။
အဲဒါကြောင့် သူတို့တွေကို အခုလို လာရောက် ကူညီနေတာတွေ့တဲ့ အတွက် အားကျမိပါတယ်။ လိုအပ်နေတဲ့ လူတွေဆီကို လိုအပ်တာတွေ အရောက် ပို့နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်လို့ မှားပြောခဲ့ဖူးပါတယ်။ အမှန် ပြောရမှာက ပီတိဖြစ်ပါတယ်လို့ ပြောရမှာပါ။
အဲဒါကြောင့် ဝေဒနာတွေ သောကတွေကြားမှာ စကားမှားခဲ့တာမျိုးပဲ ဖြစ်မှာပါလို့ ယူဆမိရင်း ကျွန်တော်လည်း မှန်ပြန်ကြည့် နေပါတယ် ခင်ဗျာ။